အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) သည် မြို့ပြလေကြောင်းဆိုင်ရာ ဘုံစည်းမျဉ်းများနှင့် စံနှုန်းများကို ရေးဆွဲ သည့် အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ နိုင်ငံများသည် နိုင်ငံတကာ မြို့ပြလေကြောင်းများ လုံခြုံပြီး စည်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် ICAO ၏ ညွှန်ကြားချက်များကို လိုက်နာကြသည်။
ယခုနှစ် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်တွင် ကျင်းပမည့် (၄၁) ကြိမ်မြောက် ICAO အစည်းအဝေးသည် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားပြီးနှောင်းပိုင်း ကျင်းပသော အကြီးမားဆုံးအစည်းအဝေးဖြစ်သည်။ ထို့ကြောင့် အဆိုပါအစည်းအဝေးသည် လေကြောင်းကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေမည့် မိုင်တိုင်တစ်ခုဖြစ်ပြီး ၎င်းသည် နိုင်ငံတကာ လေကြောင်းအသိုင်းအဝိုင်းရှိ သက်ဆိုင်သူများကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြသ နေပါသည်။ အထိအခိုက်ကင်းသော လေကြောင်းပန်းတိုင်ကို စုပေါင်းကြိုးပမ်းနိုင်ရန် ထိုင်ဝမ်အနေဖြင့် ပူးပေါင်းလိုကြောင်း ICAO ကို တောင်းဆိုထားပါသည်။
လေကြောင်းဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့် အရေးကြီးဖိုရမ်တစ်ခုဖြစ်သည့် ICAO သည် မြို့ပြလေကြောင်း အာဏာပိုင်များ၏ လေကြောင်းဘေးကင်းရေး၊ လေကြောင်းသွားလာရေးဝန်ဆောင်မှုများ၊ လေကြောင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် လေကြောင်းစီးပွားရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးသည့်အစည်းအဝေး တစ်ခုဖြစ်ပြီး အဆိုပါ ဆွေးနွေးချက်များသည် နိုင်ငံတစ်နိုင်ငံ၏ မြို့ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုများ ရှိပါသည်။ ICAO သည် နှစ်ပေါင်းများစွာတိုင်အောင် စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံများသာမက အခြားသော စာချုပ်ချုပ်ဆိုထားခြင်း မရှိသည့် နိုင်ငံများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ မြို့ပြလေကြောင်း အဖွဲ့အစည်းများနှင့် လေကြောင်းလိုင်းကိုယ်စားလှယ်များကိုပါ ညီလာခံအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလုပ်ငန်းသည် ကပ်ရောဂါ၏ အထူးပြင်းထန်စွာ ရိုက်ခတ်မှုကြောင့် ခရီးသည်များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ခရီးသွားလာရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြခြင်းသည် ယခင်ကထက် ပိုမိုအရေးကြီးပါသည်။ မည်သည့် မြို့ပြလေကြောင်းအာဏာပိုင်ကိုမျှ ချန်လှပ်မထားသင့်ပါ။
ထိုင်ဝမ်၏ တိုင်ပေပျံသန်းမှုသတင်းအချက်အလက်ဒေသ (တိုင်ပေ FIR) သည် ပျံသန်းမှုသတင်းအချက်အလက်ဒေသ ၃၀၀ ကျော်ပါဝင်သော ICAO ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုင်ဝမ်မြို့ပြလေကြောင်းဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းမှ တာဝန်ယူကြီးကြပ်ကွပ်ကဲသည့် ပျံသန်းနှုန်းမြင့်မားသော ဒေသတစ်ခု ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် လေကြောင်းလိုင်း ၉၇ လိုင်းသည် ထိုင်ဝမ်သို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များကို လေယာဉ်လမ်းကြောင်း ၃၂၄ ကြောင်းဖြင့် ပြေးဆွဲပြီး ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း ၁၄၈ မြို့သို့ ချိတ်ဆက်ပေးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းများအနက် ထိုင်ဝမ်၏ အဓိကလေကြောင်းလိုင်းနှစ်လိုင်းဖြစ်သည့် China Airlines နှင့် Eva Airways တို့သည် အမြတ်အစွန်းများရရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ လျှော့ချရန်မလိုအပ်သော လေကြောင်းလိုင်းအနည်းငယ်တွင် ပါဝင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် China Airlines နှင့် EVA Airways တို့သည် နိုင်ငံတကာကုန်တင်ပမာဏသတ်မှတ်မှုတွင် အဆင့်ငါးနှင့် ၁၆ တွင်အသီးသီးရှိခဲ့သည်။ ထို့အပြင် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် Airports Council International ကိန်းဂဏန်းများအရ ထိုင်ဝမ်၏အကြီးဆုံးလေဆိပ်ဖြစ်သည့် Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့နိုင်ငံတကာ လေကြောင်းကုန်စည်ပို့ဆောင်မှုတွင် စတုတ္ထမြောက် အလုပ်အများဆုံးလေဆိပ်ဖြစ်ပါသည်။
တိုင်ပေပျံသန်းမှုသတင်းအချက်အလက်ဒေသ (Taipei FIR) နှင့် မြန်မာ ပျံသန်းမှုသတင်းအချက်အလက်ဒေသ (Myanmar's FIRs) တို့သည်လည်း နီးကပ်စွာ ချိတ်ဆက်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက ထိုင်ဝမ် China Airlines သည် ထိုင်ဝမ် Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တစ်ပတ်လျှင် ငါးကြိမ်မှ ခုနစ်ကြိမ်ပျံသန်းခဲ့ပြီး နှစ်စဉ် ထိုင်ဝမ်နိုင်ငံသား သုံးသောင်းကျော်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည်။ ကပ်ရောဂါကာလအတွင်းတွင်ပင် လေကြောင်းလိုင်းအနေဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းသည်လည်း ရန်ကုန်မှ ထိုင်ပေသို့ ပျံသန်း ပြေးဆွဲပေးလျက်ရှိပါသည်။
ICAO သည် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပြန်လည်ထူထောင်ရေးကို မြှင့်တင်ရန်ရည်ရွယ်၍ ယခုနှစ်ညီလာခံအတွက် “ကမ္ဘာကြီးကို ပြန်လည်ချိတ်ဆက်ခြင်း” ဆောင်ပုဒ်ကို ရွေးချယ်ခဲ့သည်။ ယခုအချိန်သည် ICAO နှင့် သက်ဆိုင်သူအားလုံးကို ပြန်လည်ချိတ်ဆက်ရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပြီး ၎င်းတို့၏ ပရော်ဖက်ရှင်နယ် အတွေ့အကြုံများကို မျှဝေရန်၊ ညီလာခံတွင် အဓိပ္ပါယ်ရှိရှိ ပရော်ဖက်ရှင်နယ်ကျကျ ပါဝင်နိုင်ရန်နှင့် ICAO ၏ ပန်းတိုင်ဖြစ်သော ကမ္ဘာ့လေကြောင်းအန္တရာယ်ကင်းရှင်းရေးကွန်ရက် ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။
နိုင်ငံတကာ လေကြောင်းအသိုင်းအဝိုင်းတွင် အရေးပါသည့် အစုအဖွဲ့တစ်ခုဖြစ်သော ထိုင်ဝမ်သည် လေကြောင်းဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် ၎င်း၏တာဝန်ကို အလေးအနက်ထား ဆောင်ရွက်နေပါသည်။ ICAO တွင် ပါဝင်ခြင်းသည် ထိုင်ဝမ်အား အခြားနိုင်ငံများနည်းတူ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအားလုံး၏ သာယာဝပြောရေးကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။