ရေးသားသူ :
Chang Tzi-chin
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး
တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
အောက်တိုဘာလ ၂၀၂၂
ကမ္ဘာကြီးသည် လေထုအတွင်း ကာဗွန် အသားတင်ထုတ်လွှတ်မှု သုညသို့လျှော့ချရေး (net-zero emissions) အတွက် ကူးပြောင်းစပြုနေပြီဖြစ်သည်။ ပါရီသဘောတူညီချက်တွင် မီးမောင်းထိုးပြထားသည့်အတိုင်း ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ရည်မှန်းချက်များ ပြည့်မီရန် နိုင်ငံတကာ၏ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုထားရာ ၎င်းတို့မှလည်း ဆန်းသစ်သောချဉ်းကပ်မှုများဖြင့် တဖြည်းဖြည်း ပုံဖော်ပူးပေါင်းလာခဲ့သည်။ နိုင်ငံတကာမိတ်ဆွေများနှင့် ပူးပေါင်း၍ ထိုင်ဝမ်သည် net-zero သို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်၊ ရာသီဥတုဒဏ်နှင့် လိုက်လျောညီထွေရှိသော စွမ်းအင်များအားကောင်းရေး အရှိန်မြှင့်ကြိုးပမ်းရန်၊ အနာဂတ် မျိုးဆက်များအတွက် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ဖောင်ဆောင်နိုင်ရန် ဆန္ဒရှိနေပါသည်။
ကမ္ဘာ့အဆင့် ၂၁ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သည့် ထိုင်ဝမ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် စီးပွားရေးသာယာဝပြောရေးနှင့် တည်ငြိမ်ရေးအပေါ် အဓိကကျသော လွှမ်းမိုးမှုရှိပါသည်။ အထူးသဖြင့် ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) လုပ်ငန်းသည် နိုင်ငံတကာဈေးကွက်တွင် အရေးပါသော အနေအထားကို သိမ်းပိုက်ထားသည်။ စက်မှုလုပ်ငန်းသုံး နည်းပညာအသစ်များနှင့် မော်ဒယ်အသစ်များကို ဖန်တီးခြင်းဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စွမ်းအင်အရင်းအမြစ်များအသုံးပြုမှုကို သိသိသာသာ လျှော့ချစေနိုင်သည်။ အမြဲတစေ ဆန်းသစ်ပြောင်းလဲနေသော တစ်ပိုင်းလျှပ်ကူးပစ္စည်းများမှတစ်ဆင့် အီလက်ထရွန်းနစ်ပစ္စည်းများတွင် စမတ်ပရိုဂရမ်များစွာကို ထည့်သွင်းခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထိန်းသိမ်းရေးကို မြှင့်တင်ခဲ့သည်။ ထိုင်ဝမ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်၊ ရာသီဥတုဒဏ်နှင့် လိုက်လျောညီထွေရှိသော စွမ်းအင်များအားကောင်းစေရန် အရှိန်မြှင့်ကြိုးပမ်းမှုများ လုပ်ဆောင်နေပြီး စွမ်းအင်အကူးအပြောင်းကို အားကြိုးမာန်တက် မြှင့်တင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏ စုစုပေါင်းသည် ၁၂.၃ ဂီဂါဝပ် သို့ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးလာခဲ့ပါသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ထိုင်ဝမ်၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) သည် ၇၉ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအား ၄၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် စီးပွားရေး တိုးတက်မှုသည် တိုက်ရိုက်အချိုးမကျကြောင်း သက်သေပြနေသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ကမ္ဘာမြေနေ့တွင် သမ္မတ Tsai, Ing-Wen က ထိုင်ဝမ်၏ ၂၀၅၀ ခုနှစ် ကာဗွန်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှု ပန်းတိုင်ကို ကြေငြာခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် Executive Yuan မှ ထိုင်ဝမ်၏ “Pathway to Net-Zero Emissions 2050” လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့ပြီး အဆိုပါလမ်းပြမြေပုံတွင် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ လူနေမှုပုံစံ၊ နှင့် လူ့အဖွဲ့အစည်းတို့ ပါဝင်နေသည့် အဓိက အသွင်ကူးပြောင်းရေး မဟာဗျူဟာ လေးခုကို ဖော်ပြထားပါသည်။ နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) နှင့် ရာသီဥတုဆိုင်ရာဥပဒေ ရေးဆွဲခြင်းအစရှိသည့် အုပ်ချုပ်မှုအခြေခံအုတ်မြစ်ပေါ်တွင် တည်ရှိနေပြီး မဟာဗျူဟာများကို အဓိကဗျူဟာခွဲ ၁၂ ခုဖြင့် အားဖြည့်ထားပြီး ၎င်းတို့မှာ လေစွမ်းအင်၊ နေစွမ်းအင်၊ ဟိုက်ဒရိုဂျင်စွမ်းအင်၊ ဆန်းသစ်သောစွမ်းအင်၊ ဓာတ်အားစနစ်များနှင့် စွမ်းအင်သိုလှောင်မှု၊ စွမ်းအင်ထိန်းသိမ်းမှုနှင့် ထိရောက်မှု၊ ကာဗွန် ပြန်လည်အသုံးချမှုနှင့် သိုလှောင်မှု၊ ကာဗွန်ထုတ်လွှတ်မှုမရှိသော လျှပ်စစ်ကားများ၊ စွန့်ထုတ်မှုမရှိသော သယံဇာတ ပြန်လည်အသုံးပြုခြင်း၊ သဘာဝကာဗွန်စုပ်ခွက်များ၊ အစိမ်းရောင်လူနေမှုပုံစံ၊ အစိမ်းရောင်ဘဏ္ဍာရေး အကူးအပြောင်းတို့ ဖြစ်ပါသည်။ အစိုးရရင်းမြစ်များ ပေါင်းစပ်ခြင်းဖြင့် ထိုင်ဝမ်သည် ၎င်း၏ ရည်မှန်းချက်များပြည့်မီရန် လိုအပ်ချက် အဆင့်ဆင့်ကို အစီအစဉ်ဆွဲ အကောင်အထည် ဖော်ဆောင်မည်ဖြစ်ပါသည်။
Net-zero သို့ အသွင်ကူးပြောင်းမှု အောင်မြင်ရန်လိုအပ်သော နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ကိုတည်ဆောက်ရာတွင် ထိုင်ဝမ်သည် ရေရှည်တည်တံ့သောစွမ်းအင်၊ လေထုတွင်း ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲခြင်း၊ လေထုတွင်းသို့ ကာဗွန်ထုတ်လွှတ်သည့် ပမာဏထက် ပိုမိုဖယ်ရှားနိုင်ရန် လုပ်ဆောင်ခြင်းနှင့် လူမှုရေးသိပ္ပံအစရှိသည့် နယ်ပယ်ငါးခုကို အာရုံစိုက်မည်ဖြစ်ပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးနှင့် စီမံခန့်ခွဲမှုဥပဒေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်မှုအက်ဥပဒေသို့ အမည်ပြောင်း ပြင်ဆင်လျက်ရှိပြီး အဆိုပါပြင်ဆင်ချက်များအရ ၂၀၅၀ ခုနှစ်တွင် ကာဗွန် အသားတင်ထုတ်လွှတ်မှု သုညသို့ လျှော့ချနိုင်ရေးသည် ထိုင်ဝမ်၏ ရေရှည်နိုင်ငံတော်ပစ်မှတ် ဖြစ်လာမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုထိန်းချုပ်နိုင်စေရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေပြငှါန်းချက်ထည့်သွင်းရန်၊ သတင်းအချက်အလက် ချပြခြင်း၊ လူထုပါဝင်မှု အားကောင်းလာစေရန်နှင့် ကာဗွန်ဈေးနှုန်း သတ်မှတ်မှု ယန္တရားတို့ကို မိတ်ဆက်မည်ဖြစ်သည်။ ယင်းဥပဒေသည် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် စီးပွားရေးဆွဲဆောင်မှုများ၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးမှုကို လမ်းညွှန်ချက်ချမှတ်ပေးပြီး အမျိုးသားရာသီဥတုဆိုင်ရာ ဥပဒေပြုရေး နှင့် အုပ်ချုပ်မှုဆိုင်ရာ အခြေခံအုတ်မြစ်များကို ပိုမိုပီပြင်နိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။ ၂၀၅၀ ခုနှစ်အတွက် ထိုင်ဝမ်၏ ရေရှည်မျှော်မှန်းချက်မှာ လေထုအတွင်း ကာဗွန် အသားတင်ထုတ်လွှတ်မှု သုညသို့ရောက်ရှိရန် ကူးပြောင်းရာမှ ပေါ်ပေါက်လာသော အခွင့်အလမ်းကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားအသစ်အဖြစ် အသုံးချနိုင်ရန်ဖြစ်ပါသည်။ အများနှင့်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး ရေရှည်တည်တံ့နိုင်ကာ ပြည့်စုံခိုင်မာ၍ အန္တရာယ်ကင်းသော အကူးအပြောင်းဗျူဟာများနှင့် အုပ်ချုပ်မှုအခြေခံအုတ်မြစ်များကို ဖန်တီးခြင်းဖြင့် ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးမည်ဖြစ်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊ စိမ်းလန်းသောအလုပ်အကိုင်များဖန်တီးပေးခြင်း၊ စွမ်းအင်လွတ်လပ်မှုကို မြှင့်တင်ပေးခြင်းနှင့် လူမှုဖူလုံရေးကဏ္ဍတို့ကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။
Net-zero emissions သို့ ကူးပြောင်းခြင်းသည် ယခုခေတ် လူသားမျိုးဆက်အတွက် ရှောင်လွှဲ၍မရသည့် စုပေါင်းတာဝန်တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်မှသာလျှင် ဤရည်မှန်းချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်တွေ့ကျမှုနှင့် ပရော်ဖက်ရှင်နယ်ကျခြင်းတို့ကြောင့် ထိုင်ဝမ်သည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ခိုင်မာသော ပံ့ပိုးကူညီမှုများပြုလုပ်ရန် ဆန္ဒရှိနေသည်။ ထိုင်ဝမ်သည် မည်သည့်အခြေအနေမျိုးတွင်မဆို ကမ္ဘာကို အထောက်အကူဖြစ်စေသော နည်းလမ်းများဖြင့် ပံ့ပိုးကူညီနိုင်သည့် အလားအလာကြီးမားကြောင်း COVID-19 ကပ်ရောဂါက သက်သေပြခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုကို တန်ပြန်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများတွင် ပူးပေါင်းပါဝင်နိုင်ရန် ထိုင်ဝမ်အား တန်းတူအခွင့်အရေးပေးသင့်သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လတ်တလောကာလအတွင်း ထိုင်ဝမ်၏ တရားမျှတပြီး အဓိပ္ပာယ်ရှိသော ဤတောင်းဆိုမှုကို ပံ့ပိုးပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။