မြန်မာနိုင်ငံအခြေစိုက် ထိုင်ဝမ်စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး သံအမတ်ကြီး LI, Chao-Cheng နှင့် အဖွဲ့ခေါင်းဆောင် YUN, Yu-Chin တို့သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်းသို့ သွားရောက်ခဲ့ပြီး ဥက္ကဌ ဦးရန်အောင် (毛富林董事長)၊ ကျောင်းအုပ် ဦးခင်မောင်စော (杜鴻昌總校長) နှင့် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း (寸得仲監事長) တို့နှင့်အတူ ဒုတိယကျောင်းအုပ်၊ ဆရာ၊ ဆရာမများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
သံအမတ်ကြီး LI, Chao-Cheng က “မန္တလေးကွန်ဖြူးရှပ်ကျောင်းသည် မြန်မာနိုင်ငံတွင် အရေးပါသော ဒေသန္တရကျောင်းတစ်ကျောင်းဖြစ်ပြီး နိုင်ငံရပ်ခြားရှိ တရုတ်နွယ်ဖွား ကျောင်းသားများအတွက် ရေသောက်မြစ်ကျောင်းဟု ဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ မန္တလေးကွန်ဖြူးရှပ်ကျောင်းသည် ကျောင်းတွင်တာဝန်ထမ်းဆောင်ရန်အတွက် ထိုင်ဝမ်မှ ကျောင်းအုပ်ဆရာကြီးများ၊ ထိုင်ဝမ်ပြန်ကျောင်းဆရာများကို ဖိတ်ခေါ်ခန့်အပ် သင်ကြားစေပြီး ထိုင်ဝမ်သင်ရိုးနှင့် ပုံနှိပ်စာအုပ်များကို အသုံးပြုခြင်းတို့အတွက် အဆိုပါကျောင်းအား ချီးကျူးခဲ့ပါသည်။ ထို့အပြင် ထိုင်ဝမ်၏ကျောင်းရေးရာစီမံခန့်ခွဲမှုနှင့် ဆရာအတတ်ပညာဆိုင်ရာ အတွေ့အကြုံများကို မိတ်ဆက်ပေးခြင်း၊ ကျောင်းလည်ပတ်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ထိုင်ဝမ်၏ အဆင့်မြင့်ပညာရေး ကျယ်ပြန့်စွာ သင်ကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျောင်းကြီးကြပ်ရေးအဖွဲ့များ၊ ကျောင်းဆရာများနှင့် ကျောင်းသားများအားလည်း ကျေးဇူးတင်ရှိပါသည်။ ထိုင်ဝမ်၏ တတိယအင်အားဖြစ်သော ယဉ်ကျေးမှု၊ လူထုအတွေးအခေါ် (soft power) တို့ကို လွှမ်းမိုးမြှင့်တင်ပေးနိုင်ခဲ့ကြောင်း ထင်ရှားနေပါသည်” ဟု ပြောကြားခဲ့ပါသည်။ တဆက်တည်း၌ “ယခုနှစ်တွင် မြန်မာနိုင်ငံဖွားကျောင်းသား ၁၀၀၀ ခန့် ထိုင်ဝမ်တွင် ပညာဆက်လက် သင်ကြားမည်ဖြစ်သည်။ အနာဂတ်တွင် ထိုင်ဝမ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်နှင့် ထိုင်ဝမ်နှင့် မြန်မာကြား ဆက်သွယ်ရေး တံတားတစ်စင်း ဖြစ်လာစေရန် ရည်ရွယ်၍ မန္တလေးကွန်ဖြူးရှပ်ကျောင်းအနေဖြင့် တရုတ်နွယ်ဖွား မြန်မာကျောင်းသားများကို ထိုင်ဝမ်တွင် ပညာသင်ကြားနိုင်ရေးအတွက် ပိုမိုအားပေးစေလိုကြောင်း၊ ကျွန်ုပ်တို့၏ Overseas Community Affairs Council မှလည်း နိုင်ငံရပ်ခြားမှ ကျောင်းသားများကို ထိုင်ဝမ်တွင် ပညာသင်ကြားရန် ခေါ်ယူမည့်အစီအစဉ်အား ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” Mr. Li က ဆက်လက်ထောက်ပြသည်။
မန္တလေးကွန်ဖြူးရှပ်ကျောင်းသည် နှစ်ပေါင်း ၅၀ ကြာ သက်တမ်းရှိသည့် မြန်မာနိုင်ငံတွင် အကြီးဆုံးတရုတ်ကျောင်းဖြစ်ပြီး ကျောင်းခွဲ လေးခုရှိကာ မူလတန်းမှ အထက်တန်းအထိ ကျောင်းသားပေါင်း ၄၀၀၀ ခန့်ရှိသည်။ ယခုနှစ်တွင် ကပ်ရောဂါအခြေအနေ ထိန်းချုပ်လာနိုင်သဖြင့် Overseas Community Affairs Council နှင့် မန္တလေးကွန်ဖြူးရှပ်ကျောင်း တို့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ကျောင်းသည် ယခုနှစ်တွင် သီချင်းဆိုပြိုင်ပွဲကို ယခင်ထက် ခမ်းနားစွာကျင်းပခဲ့သည်။ ပြိုင်ပွဲနောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်တွင် East Campus ၌ ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ ကျောင်းခွဲလေးခုမှ အထက်တန်းကျောင်းသား၊ ကျောင်းသူများ စုရုံးရောက်ရှိကြကာ ဆုချီးမြှင့်ခြင်းအခမ်းအနားဖြင့် အဆုံးသတ်ခဲ့သည်။
ထိုနေ့၌ပင် သံအမတ်ကြီး LI နှင့် အဖွဲ့သည် ထင်ရှားသော ဗုဒ္ဓဘာသာတက္ကသိုလ်ဖြစ်သည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) သို့လည်း သွားရောက်လည်ပတ်ခဲ့ပါသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၄ ခုနှစ်တွင် သီတဂူဆရာတော် အရှင်ဘဒ္ဒန္တဉာဏိဿရမှ တည်ထောင်ခဲ့ပြီး တက္ကသိုလ်၏ ပင်မကျောင်းဆောင်သည် စစ်ကိုင်းတိုင်း၌ တည်ရှိကာ သံဃာ၊ သီလရှင်စာသင်သားပေါင်း ၁၀၀၀ နီးပါးကို ဗုဒ္ဓစာပေ အထူးပြုသင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ ဗုဒ္ဓတက္ကသိုလ်တွင် သံအမတ်ကြီး LI, Chao-Cheng သည် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာပညာရေးကို လေ့လာနိုင်ခဲ့သည်။ ထို့အပြင် တွေ့ဆုံပွဲ၌ သံအမတ်ကြီးမှ ထိုင်ဝမ်-မြန်မာ ဗုဒ္ဓတက္ကသိုလ်များမှ ဆရာများနှင့် ကျောင်းသားများအကြား ဗုဒ္ဓဘာသာ အယူအဆများ၊ အတွေ့အကြုံများ ဖလှယ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတကာ ဘာသာရေးပညာ သင်ကြားရေးအတွေ့အကြုံများ ရရှိလာစေရန်ရည်ရွယ်၍ သက်ဆိုင်ရာတက္ကသိုလ်များအကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ရာ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းအုပ်ဖြစ်သော Dr. Veluriyananalankara နှင့် ကျောင်းရှိပါမောက္ခများမှလည်း ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်နှင့် ပညာရေး အဆင့်အတန်းသည် နိုင်ငံတကာတွင် လူသိများကြောင်း၊ ထိုင်ဝမ်ရှိသံဃာများနှင့် ထိတွေ့ဆက်ခံခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံအခြေစိုက် ထိုင်ဝမ်စီးပွားရေးနှင့် ယဉ်ကျေးမှုရုံးအနေဖြင့် အနာဂတ်တွင် နှစ်ဘက်တက္ကသိုလ်ကြား အပြန်အလှန် လေ့လာခြင်း၊ ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရှိပါကလည်း ကူညီမိတ်ဆက်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်။
မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကမ်းတွင် တည်ရှိကာ အထက်မြန်မာပြည်၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ အချက်အချာကျသောမြို့ဖြစ်သည်။ မန္တလေးနှင့် အနီးရှိမြို့များ၏ တရုတ်စကား ပြောနိုင်သူဦးရေတိုးပွားမှုကြောင့် ထိုင်ဝမ်လုပ်ငန်းရှင်များသည်လည်း ယင်းမြို့အနီးတဝိုက်တွင် စက်ရုံများတည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်လာကြကြောင်းလည်း သိရှိရပါသည်။